Sunday, November 16, 2014

နှုတ်ဆက်ခြင်း


နေ့တစ်နေ့ရဲ့အစ
နေရောင်နွေးနွေးအောက်မှာ
မင်္ဂလာနံနက်ခင်းပါလို့
နှုတ်ဆက်ကြတယ် .....

အစပြုတိုင်းမှာ
နှုတ်ဆက်ကြသလို
အဆုံးသတ်တိုင်းမှာလည်း
နှုတ်ဆက်ကြတာပါပဲ.....

ပျော်ရွှင်ခြင်းနဲ့ခွဲခွါတာရှိသလို
ဝမ်းနည်းစွာနဲ့ကျောခိုင်းခဲ့ကြတာတွေလည်းဒုနဲ့ဒေး
တချို့ တချို့နှုတ်ဆက်ခြင်းတွေမှာ
အချစ်ပါသလို
အမုန်းလည်းမရှားပါဘူး .....

လူသားတိုင်း
နံနက်ခင်းမှာမင်္ဂလာရှိစွာတွေ့ဆုံကြသလို
မင်္ဂလာရှိစွာခွဲခွါနိုင်ကြပါစေ ......


Sunday, November 9, 2014

အိမ်

ဝါးလုံးကိုအိမ်တိုင်ထူ
ဝါးထရံကာ ၊ဝါးကပ်မိုး
ဝါးကိုကြမ်းခင်းပါလို့
ဝါးရွက်နဲ့အလှဆင်
ဝါးပင်နဲ့တံတိုင်းခတ်
မြင်လေးတိုင်းစိမ်းနွဲ့ပါတဲ့
တို့များဝါးအိမ် ....

Friday, November 7, 2014

ရာသီချိန်

တစ်နေ့ပြီးတစ်နေ့
သက်တမ်းတွေ
တဖြည်းဖြည်းချင်းကုန်ဆုံးလာလေတိုင်း ....
ကောင်းကင်ပြာပြာကြီးရဲ့အောက်
တိမ်မျှင်တန်းဖြူဖြူတွေရှေ့မှောက်
တောတန်းစိမ်းစိမ်းတွေဝန်းရံခနေတဲ့
လယ်တောတွေရဲ့ရာသီချိန်ကို
ရင်သပ်ရှုမြင်ခံစားဖို့
ကိုယ့်မှာအခွင့်
ဘယ်လောက်များကျန်ပါလိမ့် .....



ကြယ်စင်များ


ကောင်းကင်မှာ
ကြယ်ပွင့်လေးတွေဟာ
လင်းတစ်ဝက် ၊ လက်တစ်ချက်နဲ့
ပြိုးပြိုးပြက်ပြက်ရှိလှတယ်
လမင်းကြီးသာမရှိခဲ့ရင်ပေါ့ .....

ခုတော့
နံနက်အလင်းအောက်မှာ
တောက်ပစွာလှပနေတဲ့
ကြယ်ပွင့်လေးတစ်ချို့ကို
ဖမ်းမိခဲ့တယ် ....

အစစ်မဟုတ်ပေမဲ့
ဖန်တီးမှုကြယ်လေးတွေအဖြစ်
သူတို့
အလှပဆုံးလင်းလက်နေခဲ့တယ် ....